ဆံနွယ်လေးတွေ လှပဖို့ ဘာတွေဆောင်ပြီး ဘာတွေရှောင်ကြမလဲ
လှတစ်မျက်နှာ ယဥ်တစ်ကိုယ်လုံး ဆိုတဲ့အထဲမှာ ဆံနွယ်လေးတွေရဲ့ အလှလည်းပါဝင်ပါတယ်။ ရှေးခေတ်က ကောင်းခြင်းငါးဖြာထဲမှာ ဆံပင်၏ကောင်းခြင်းလည်း ပါသလို မိန်းမတို့ဘုန်းဆံထုံးဆိုတဲ့ စကားလည်း ရှိပါတယ်။ ဒါတွေအားလုံးက ဆံပင်ရဲ့ အလှအပက အရေးကြီးတယ်ဆိုတာ ပြနေတာတွေပဲ ဖြစ်ပါတယ်။
မျက်နှာလေးက လှပါရဲ့၊ ဆံပင်ကတော့ ကျိုးတိုးကျဲတဲဖြစ်နေရင် အဆင်မပြေပါဘူး။ (စိတ်လှဖို့ကတော့ အရေးအကြီးဆုံးပေါ့)
တောက်ပပျော့ပြောင်းပြီး ပိုးသားလေးလို နူးညံ့တဲ့ ဆံနွယ်တွေကို ပိုင်ဆိုင်ချင်ကြတယ်မလား။ ဒါဆို ဆံပင်လှပဖို့အတွက် ဆောင်ရန်၊ ရှောင်ရန်တွေကို ပြောပြမယ်နော်။
Don'ts (ဒါတွေ လုံးဝမလုပ်ပါနဲ့)
- ဆံပင်မြန်မြန်ခြောက်ချင်လို့ ဒါမှမဟုတ် ဆံပင်ဖြောင့်မယ်ထင်လို့ ဆံပင်လေမှုတ်စက်ကို ဆံပင်နဲ့ကပ်ပြီး သုံးတာမျိုး မလုပ်ပါနဲ့။ အဲဒီလို လုပ်တဲ့အခါ ဆံသားရဲ့အပြင်လွှာ ပျက်စီးပြီး ဆံသားတွေကျိုးကြေတာ၊ ရှုပ်ပွတာကိုပဲ ဖြစ်စေမှာပါ။
-ဆံပင်ကို ကြမ်းတမ်းစွာ ပွတ်တိုက်သုတ်ခြင်းမှ ရှောင်ကြဥ်ပါ။ ဆံပင်အရင်းကနေ အဖျားထိ ငြင်သာစွာ ဖိသုတ်ပေးခြင်းကသာ ဆံပင်ကို တောက်ပြောင်ချောမွေ့စေပါတယ်။
-ဆံပင်ကို ရေမွှေးတွေ မဖျန်းပါနဲ့။ ရေမွှေးတွေမှာပါတဲ့ ဓာတုပစ္စည်းတွေက ဆံပင်ကို ခြောက်သွေ့စေပြီး ဆံပင်အရောင်ကိုလည်း ပြောင်းစေလို့ပါ။
-ဆံပင်ကို အလွန်အမင်း ဖြီးသင်ခြင်းက ဆံပင်သန်တယ်လို့ ထင်ရပေမယ့် sebum လို့ခေါ်တဲ့ အဆီတွေကို ဆံပင်တစ်လျှောက်ပျံ့စေလို့ ဆံပင်ကို စေးကပ်ကပ် ပိုဖြစ်စေတာကြောင့် မလုပ်သင့်ပါဘူး။
-ဆံပင်ကို ပါးစပ်နဲ့ကိုက်တာ၊ လက်နဲ့လိမ်ပြီး ဆော့ကစားတာတွေက ဆံပင်အဖျားတွေ ကျိုးကြေလွယ်တာ၊ နှစ်ခွဖြစ်တာတွေ ဖြစ်စေလို့ ရှောင်သင့်ပါတယ်။
- သတ္ထုနဲ့လုပ်ထားတဲ့ ဘရက်ရှ်တွေ၊ ဘီးတွေသုံးတာက ဆံသားကို ထိခိုက်စေလို့ သတိထားသင့်ပါတယ်။
- ဆံပင်ကို ဆေးဆိုးတာ၊ အရောင်ချွတ်တာ၊ ဖြောင့်တာ၊ ကောက်တာတွေက ဆံပင်ကို အားနည်းစေတာမို့ မကြာခဏ မလုပ်သင့်ပါဘူး။
- ဆီလီကွန်ပါတဲ့ ရှန်ပူနဲ့ ပျော့ဆေးတွေ သုံးရင် ဆံပင်မှာ ကပ်ကျန်ခဲ့ပြီး ဆံပင်ကို မွဲခြောက်ခြောက်ဖြစ်စေပါတယ်။
- ဆံပင်ကို ဆွဲတာ၊ အဖျားကနေ အရင်းကို ပြောင်းပြန်ဖြီးတာမျိုးက ဆံပင်ကို ရှုပ်လွယ်၊ အထုံးတွေဖြစ်လွယ်စေသလို ပွတ်တိုက်မှုများခြင်းကြောင့် ဆံပင်လည်း ပျက်စီးတဲ့အတွက် မလုပ်သင့်ပါဘူး။
Dos (ဒါတွေလုပ်ပါ)
- ဆံပင်ကို ဗာဒံဆီ၊ သံလွင်ဆီ၊ အုန်းဆီ၊ jojoba oil စတာတွေနဲ့ အိပ်ယာမဝင်ခင် လိမ်းပြီး နောက်တစ်နေ့မနက် သုံးနေကျ ရှန်ပူ၊ ပျော့ဆေးတို့နဲ့ လျှော်တာက ဆံနွယ်လေးတွေ သန်စွမ်းလှပစေမှာပါ။
- ခေါင်းကို နေ့စဥ်ရက်ဆက်လျှော်တာ၊ အခြောက်မှုတ်တာတွေ မလုပ်ဘဲ တတစ်ရက်ခြား၊ နှစ်ရက်ခြား အနားပေးပါ။
- ပျော့ဆေးကို ဆံပင်အရင်းကို ထည့်တဲ့အခါ အဆီတွေပိုထွက်စေတာမို့ ဆံပင်အရင်းကို မထိအောင် ရှောင်ပါ။
- ခေါင်းလျှော်တဲ့အခါ ရှန်ပူကို တစ်ခါသာသုံးပါ။ ဆံပင်က စေးကပ်မနေရင် ထပ်ခါထပ်ခါ သုံးဖို့မလိုပါဘူး။
- ခေါင်းလျှော်ပြီးတဲ့အခါ တဘက်နဲ့ပတ်ပြီး ရေစုပ်အောင်ထားခြင်းက အခြောက်မှုတ်ရသက်သာပြီး ဆံပင်ပျက်စီးတာလည်း သက်သာစေပါတယ်။
- နေပူထဲသွားတဲ့အခါ UV ပါတဲ့ ခေါင်းလိမ်းဆီလိမ်းတာ၊ ဦးထုပ်ဆောင်းတာတွေက ဆံပင်အရောင်ကျွတ်ခြင်း၊ ဖျော့ခြင်းကို ကာကွယ်ပေးမှာပါ။
- ဦးရေပြားကို နှိပ်နယ်ပေးခြင်းက ဆံပင်ရှည်ခြင်းကို အထောက်အကူ ဖြစ်စေပါတယ်။
- အဆီအစိမ့်တွေ၊ အပူအစပ်တွေ၊ လက်ဖက်ရည်နဲ့ ကော်ဖီတွေက ဆံပင်အဆီကို ပိုထွက်စေတဲ့အရာတွေမို့ ရှောင်ပါ။
- ပျော့ဆေးကို တတ်နိုင်သမျှ ကြာကြာထားခြင်းက ဆံပင်ကို ပိုပြီးပျော့ပြောင်းစိုပြေစေတာမို့ ပျော့ဆေးထည့်ပြီးရင် Shower cap ဆောင်းထားပြီး ရေချိုးပြီးခါနီးမှ သေချာစွာ ရေဆေးချပါ။
- ဆံပင်ကို ပုံမှန်ဖြတ်ပါ။ အဖျားလေးပဲဖြစ်ဖြစ် တိပေးခြင်းက ဆံပင်နှစ်ခွဖြစ်တာ၊ အဖျားဖွာနေတာမျိုးကို သက်သာစေပါတယ်။
အခု ဖော်ပြခဲ့တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို တတ်နိုင်သမျှ လိုက်နာရင် ကမ္ဘာမြေတစ်ခွင်ကို လွှမ်းခြုံလို့ရမယ့် ဆံနွယ်လေးတွေ ပိုင်ဆိုင်နိုင်မှာပါနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။